လမစေ့ဘဲ ကလေးမီးဖွားရစေတဲ့ အကြောင်းအရင်းတွေက ဘာတွေလဲ
လမစေ့ဘဲ ကလေးမွေးဖွားတယ်ဆိုတာကို ကြားဖူးကြမှာပါ။ ကလေးက မွေးဖွားရမယ့်ရက် မတိုင်ခင် သီတင်းပတ် ၃ ပတ်ထက် ပိုပြီး ကြိုတင်မွေးဖွားတာပါ။ ပုံမှန်အားဖြင့်တော့ ကိုယ်ဝန်က သီတင်းပတ် ၄၀ မှာ မွေးဖွားတာပါ။ ကိုယ်ဝန်ဆောင်ကာလ ၃၇ ပတ်မှာ မွေးဖွားတာက လမစေ့ဘဲ မွေးဖွားတာပါ။ လမစေ့ဘဲ မွေးဖွားတာက မိခင်ရော ရင်သွေးလေးမှာပါ ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။
လမစေ့ဘဲ မွေးဖွားတာက မိခင် ၁၀ ဦးမှာ ၁ ဦးသာ ဖြစ်လေ့ ရှိပါတယ်။ လမစေ့ဘဲ မွေးဖွားလာတဲ့ ကလေးတွေမှာလည်း နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာ အနေနဲ့ အသက် ၅ နှစ် မတိုင်ခင်မှာ သေဆုံးတာကို ခံစားကြရပါတယ်။
လမစေ့ဘဲ မွေးဖွားမှုမှာလည်း ကိုယ်ဝန်ဆောင်ကာလ ၃၄ ပတ် ကနေ ၃၆ ပတ်ထဲအတွင်း မွေးဖွားတာ၊ ကိုယ်ဝန်ဆောင်ကာလ ၃၂ ပတ် ကနေ ၃၄ ပတ် အတွင်း မွေးဖွားတာ၊ ကိုယ်ဝန်ဆောင်ကာလ ၃၂ ပတ်မှာ မွေးဖွားတာ၊ ကိုယ်ဝန်ဆောင်ကာလ ၂၅ ပတ်မှာ မွေးဖွားတာမျိုးပါ။
လမစေ့ဘဲ မွေးဖွားရတဲ့ အကြောင်းအရင်းများ
လမစေ့ဘဲ မွေးဖွားရတဲ့ အကြောင်းအရင်းတွေကတော့ တစ်ခု မကပါဘူး။ ဒါတွေကို သတိထားနိုင်စေဖို့ ဖော်ပြပေးလိုက် ရပါတယ်။ ဒါတွေကတော့
- အရင်က လမစေ့ဘဲ မွေးဖွားမိတာ - ကိုယ်ဝန်ဆောင် မိခင်က အရင်က ကလေးကိုလည်း လမစေ့ဘဲ မွေးဖွားဖူးတာမျိုး ရှိမယ်ဆိုရင်တော့ လမစေ့ဘဲ မွေးဖွားတာကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အရင်ကလေးကို လမစေ့ဘဲ မွေးဖွားဖူးတယ်ဆိုရင် သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။
- အမြွှာလေးတွေကို ကိုယ်ဝန်ဆောင်ထားရတာ - အမြွှာလေးတွေကို ကိုယ်ဝန်ဆောင်ရတာက လမစေ့ဘဲ မွေးဖွားနိုင်ခြေ ပုံမှန်ထက် ပိုများနေပါတယ်။ ဒါကြောင့် အမြွှာလေးတွေ ကိုယ်ဝန်ဆောင်ထားတယ် ဆိုရင်တော့ သေချာလေး ကုသမှု ခံယူဖို့ လိုပါမယ်။
- သားအိမ် နဲ့ သားအိမ်ခေါင်းမှာ ကျန်းမာရေးပြဿနာ ရှိနေတာ - မိခင်က သားအိမ်မှာ ကျန်းမာရေး ပြဿနာ ရှိနေတာ၊ သားအိမ်ခေါင်းမှာ ကျန်းမာရေး ပြဿနာတွေ ရှိနေတာကလည်း လမစေ့ဘဲ မွေးဖွားတာကို ဖြစ်စေနိုင်ပါတယ်။
- မိခင်က ကိုယ်အလေးချိန် နည်းနေတာ - မိခင်က ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် နည်းနေတာကလည်း လမစေ့ဘဲ ကလေးမွေးဖွားတာကို ဖြစ်စေနိုင်ပါတယ်။
- မိခင်က အဝလွန်နေတာ - မိခင်က ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် များနေတာကလည်း ကလေးကို လမစေ့ဘဲ မွေးဖွားတာမျိုး ဖြစ်စေနိုင်ပါတယ်။
- မျိုးရိုးရှိတာ - ကိုယ်ဝန်ဆောင်မေမေရဲ့ မိခင်၊ ဘွားအေတို့မှာလည်း လမစေ့ဘဲ မွေးဖွားတာမျိုး ရှိဖူးမယ် ဆိုရင် ကိုယ်တိုင်မှာလည်း လမစေ့ဘဲ ကလေးမွေးဖွားတာကို ဖြစ်စေနိုင်ပါတယ်။
- ကလေး အရမ်း နီးနေတာ - မိခင်ရော ကလေးပါ ကျန်းမာစေဖို့ဆိုရင် ကလေး တစ်ဦးနဲ့ တစ်ဦးကြားမှာ အနည်းဆုံး ၂ နှစ် ခြားဖို့ လိုပါမယ်။ ဒီလိုမှ မဟုတ်ဘဲ ကလေးတစ်ယောက်နဲ့ တစ်ယောက် အရမ်းနီးနီး ကိုယ်ဝန်ဆောင်မယ်ဆိုရင်လည်း လမစေ့ဘဲ မွေးဖွားတာကို ဖြစ်စေနိုင်ပါတယ်။
- ဆီးချို ရှိတာ - ကိုယ်ဝန်ဆောင် မိခင်က ဆီးချိုရောဂါ ခံစားနေရရင် ဖြစ်ဖြစ် ကိုယ်ဝန်ဆောင် ဆီးချို ခံစားနေရရင် ဖြစ်ဖြစ် လမစေ့ဘဲ မွေးဖွားတာကို ဖြစ်စေနိုင်ပါတယ်။
- သွေးတိုး ရှိတာ - ကိုယ်ဝန်ဆောင်မိခင်မှာ သွေးတိုးရောဂါ ခံစားနေရတာကလည်း သေချာ ဂရုမစိုက် မိဘူးဆိုရင် လမစေပဘဲ မွေးဖွားတာကို ဖြစ်စေနိုင်ပါတယ်။
- ကိုယ်ဝန်ဆိပ်တက်တာ - ကိုယ်ဝန်ဆောင်ကာလမှာ ကိုယ်ဝန်ဆိပ်တက်တာကလည်း လမစေ့ဘဲ ကလေး မွေးဖွားတာကို ဖြစ်စေနိုင်ပါတယ်။
- ပိုးဝင်ကူးစက်တာ - အချင်း ပိုးဝင်ကူးစက်တာ နဲ့ မွေးလမ်းကြောင်းကို ပိုးဝင်ကူးစက်တာမျိုး ခံစားရမယ်ဆိုရင်လည်း လမစေ့ဘဲ မွေးဖွားတာကို ဖြစ်စေနိုင်ပါတယ်။
- ဆီးလမ်းကြောင်းပိုးဝင်တာ - ဆီးလမ်းကြောင်း ပိုးဝင်တာက ပြင်းထန်မယ်ဆိုရင် လမစေ့ဘဲ ကလေးမွေးဖွားတာကို ဖြစ်စေနိုင်ပါတယ်။
- သွေးခဲတာ - ပုံမှန်မဟုတ်တဲ့ သွေးခဲတာမျိုးကလည်း လမစေ့ဘဲ ကလေးမွေးဖွားတာကို ဖြစ်စေနိုင်ပါတယ်။
- အသည်းကျန်းမာရေး မကောင်းတာ - အသည်းပိုးဝင်ကူးစက်တာလိုမျိုး အသည်း ကျန်းမာရေး မကောင်းတာကလည်း လမစေ့ဘဲ ကလေးမွေးဖွားတာကို ဖြစ်စေနိုင်ပါတယ်။
ဒါကြောင့် လမစေ့ပဲ မွေးဖွားတာမျိုး မဖြစ်စေဖို့ ကိုယ်ဝန်မတိုင်ခင်ကာလမှာရော၊ ကိုယ်ဝန်လွယ်ထားစဉ်ကာလမှာ ကျန်းမာရေးကို သေချာလေး ဂရုစိုက်ပေးဖို့ မှာချင်ပါတယ် မေမေတို့ရေ။
မွန်မွန်